လားရှိုး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့အား ဖိတ်ခေါ်ကာ စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာရေးဆရာကျော်ဝင်း ဘာသာပြန် ထုတ်ဝေထားသော နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်ပါ အခန်း(၁) အကျင့်ထဲသို့ ဝင်ရောက်ခြင်းခေါင်းစဉ်မှ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်ဥမ္မာချိုက စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ပါ တရားခံရှာ၊ ခြေဦးတည့်ရာ၊ ကြုံသလိုကျပန်း၊ သူသေကိုယ်ရှင်၊ မင်းမပြောနဲ့ငါပြောမယ်၊ တစ်ကိုယ်တော် ရိန်းဂျား၊ ပုရောဟိတ်စတိုင် ခေါင်းစဉ်များ ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ မနှင်းပွင်းဖြူက တာဝန်ယူစိတ် ခေါင်းစဉ်အားလည်းကောင်း၊ မယမင်းအိက သဘောထားနှစ်ရပ်ခေါင်းစဉ်အား လည်းကောင်း ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး