ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၅၉၅)ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျောက်ဖြူ   ဒီဇင်ဘာလ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၅၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် နာရီ က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃၃၆၉) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ (၄၁)ဦး၊ ကိုင်ပိုင်အထက်တန်းကျောင်းများမှ (၂၁၅)ဦးနှင့် IDPs စခန်းရှိ အခြေခံပညာအထက်တန်းအဆင့် သင်ကျောင်းမှ  (၆၅)ဦး၊ စုစုပေါင်း (၁၃၆၉၀)ဦးတို့အား  ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ယနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူ ၅၉၅ ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ က ပြောကြားသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင် ကျော်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး အားပေးစကားများပြောကြားခဲ့ ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း