မန္တလေး ဒီဇင်ဘာ ၂၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲ နှင့်ပန်းချီလက်ရာပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
လူငယ်မောင်မယ်များ အားကစားပြုလုပ်သည့် အလေ့အထရှင်သန်စေရန်၊ ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်ပေါ်စေရန်နှင့် ပန်းချီအနုပညာကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီးတော့ ဒီပြိုင်ပွဲ လေးကျင်းပပေးတာပါ၊ ပြိုင်ပွဲမှာ ကျောင်းသား/သူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ပါတယ်၊ နောက်လတွေမှာလည်း ကဗျာရွတ်ပြိုင်ပွဲတို့၊ ပုံပြောပြိုင်ပွဲတို့ ဆက်လက်ကျင်းပပေးသွားမှာပါဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အမက(မူလွန်)-၂၀ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မန္တလေး(ခရိုင်)