တောင်သာ ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းများကို သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးပြီး မြို့နယ်အတွင်းကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ဌေးလွင် ခေါင်းဆောင်သော ဝန်ထမ်းများမှ အသက် (၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးပျက်စီးသူများအား စာရင်းများကောက်ယူ၍ စိစစ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မင်းစုရပ်ကွက်ရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၅) ဦး၊ စုစုပေါင်း (၂၂) ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)