ဆီဆိုင် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ် ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က နောင်ကျောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ၌ကွင်းဆင်း ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကထိုးနှံပေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက် ကွင်းဆင်း ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)