မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပေးနှိုးဆော်

မုဒုံ    ဒီဇင်ဘာ   ၂၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားရာလမ်းဆုံ လမ်းခွနေရာများနှင့် စျေးတို့တွင် အသံချဲ့စက်ဖြင့် မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များလက်မခံရန်နှင့် အခြားသူများထံသို့သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)