“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြုလုပ်

ဟိုပန်            ဒီဇင်ဘာ        ၂၂

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အလံကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်တို့က ပေးအပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ကျော်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုက အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မင်္ဂလာအချိန်တွင် ဥက္ကဋ္ဌ ဦးညီနပ်၊ နယ်မြေခံတပ်နယ်မှူးဗိုလ်မှူးကြီး အောင်ကျော်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စက်ရုံအား အမွှေးနံ့သာရည်ပက်ဖျန်းကာ အောက်ဆီဂျင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ အဆိုပါ စက်ရုံသည် အလျား (၃၀) ပေ၊ အနံ (၂၀) ပေ ရှိကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ် (၂၄၁) သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်စက်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ စက်ရုံမှ တစ်နေ့လျှင် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ (၄၀) အများဆုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။

အလားတူ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့သည် ပြည်သူ့ဆေးရုံရှိ isolation ward တွင် လူနာ (၁၀)ဦးစာအသုံးပြုနိုင်ရန် အောက်ဆီဂျင်ပိုက်လိုင်းကို ငွေကျပ် သိန်း(၇၀)ကုန်ကျခံဆောင်ရွက်ပေးခဲ့ပါသည်။ ယခင်က ဟိုပန်မြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်မရှိသဖြင့် လားရှိုးမှ (၂) ရက်တစ်ကြိမ် သွားရောက်ယူဆောင်ရသဖြင့် အခက်အခဲရှိပြီး ယခုအခါ လူနာများအတွက် အောက်ဆီဂျင်ကို လုံလောက်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်