ရန်ကုန် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်း ပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလ ဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အမှတ်(၇)ရပ်ကွက် စည်ပင်သန်ရှင်းရေးဝန်ထမ်းများ၏ မိသားစုဝင်များမှ အသက်(၁၈)ပြည့်ပြီး၊ နိုင်ငံရေးကဒ်ပြားမရှိသူများ၊ ပျောက်ဆုံးသူများကို နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ရပ်ကွက်စည်ပင်သန့်ရှင်းရေးအိမ်ရာတွင် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ကြပြီး လိုအပ်သည်များကိုလည်း ပြည်သူများသိရှိနိုင်ရေး ရှင်းလင်း ညှိနိူင်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျန်ရှိသော ရပ်ကွက် များသို့ နယ်လှည့်ကွင်ဆင်း၍ ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။
စိမ်းလဲ့