ဒေါပုံ ဒီဇင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း အဆင့်နှင့် အလယ်တန်း ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအား ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ယုနန္ဒာ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး ရာတွင် အခြေခံပညာ အ-ထ-က(၁)ကျောင်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက် ကိုဗစ် ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံသူ (၂၆)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံသူ (၂) ဦးတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးထိုးရာတွင် မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူ စေခြင်း များအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)