သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ (၅၃၁)ဦးအား ဆ/က ရပ်ကွက်၊ ကျိုက္ကဆံ ဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူ များအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများနှင့်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ် အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စန္ဒာမိုး