ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသားအားကစား ဘောလုံးပြိုင်ပွဲကျင်းပ

ဆွမ်ပရာဘွမ်   ဒီဇင်ဘာ  ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဖလား အမျိုးသားအားကစား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲကော်မတီ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဟောင်းဒိုင်က ပါဝင်ယှဉ်ပြိုင်ကြသော အားကစားသမား များအားပြိုင်ပွဲ၌ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသား ဘောလုံးအားကစား ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး အားကစားစိတ်ဓာတ် ထက်သန်လာစေရန်နှင့် မြို့နယ်အတွင်းမှ အားကစားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၆ သင်းဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်၍ ပွဲဦးထွက်အဖြစ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ချန်ကျေးရွာအားကစားအသင်းနှင့် ဆွမ်ပရာဘွမ်မြို့ မြို့မရပ်ကွက်(ခ)ဆင်(မ်)ဆ အားကစားအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ရာ မြို့မရပ်ကွက်(ခ) ဆင်(မ်)ဆအသင်းက ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းအဖွဲ့များနှင့် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ ကြောင်းသိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)