မင်္ဂလာဒုံ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူ များအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံ ပြီးရာတွင်လည်း မိနစ်( ၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ထောက်ကြန့်ကိုဗစ်စင်တာ၊ ပတ္တမြားရပ်ကွက်စသည်တို့တွင် သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၅၉၈)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၁၂၆၀)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သန္တာ