ကျိုက်ထို ဒီဇင်ဘာ ၂၁
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံများ တွင် မီးသုံးစွဲရာ၌ ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး တို့အတွက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာရှိ ရာဘာစက်ရုံနှင့်ဆန်စက်တို့အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့၀င်များ က ရာဘာစက်ရုံနှင့် ဆန်စက်တို့တွင် လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးလောင်မှုဖြစ်ပွားလျှင် အချက်ပေးစနစ် ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များ စနစ်တကျဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက အရေးပေါ်အသုံးပြုနိုင်မည့် မီးချိတ်/မီးကပ်များ၊ သဲပုံး၊ ရေပုံးများလုံလောက်မှု ရှိ/မရှိ၊ မီးသတ် ရေကန်အတွင်း အရေးပေါ်အသုံးပြုနိုင်မည့် ရေအဆင်သင့်ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် အရေးပေါ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကပ်ထားကြေညာထားခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)