တာချီလိတ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနိုးဆော်ရာတွင် “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထားလိုက်နာပြီး ကာကွယ်ကြရန်” လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)