ကာလိ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှု များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ကာလိမြို့အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင် ဆုံး မိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြော သန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများ နှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်၊ မိမိတို့၏နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြပါရန်၊ စသည့် လိုက်နာ ရမည့်အချက်များ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားရှိသည့် ညွှန်ကြားချက် များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် Hand Speaker ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ကာလိ)