မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာကြီး ဆရာမကြီးတို့၏ အာစရိယပူဇော်ကန်တော့ပွဲ Virtual Online ဖြင့် ကျင်းပသွားမည်

မန္တလေး   ဒီဇင်ဘာ  ၂၁

မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာကြီး ဆရာမကြီးတို့၏ အာစရိယ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၂၃ရက် နံနက် ၉နာရီခွဲတွင် Virtual Onlineဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ရုက္ခဗေဒဌာနနှင့် အဏုဇီဝဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူးထံကသိရသည်။

မိမိတို့ကို သင်ကြားပြသဆုံးမခဲ့သည့် ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကိုရည်မှန်းပြီး နောင်လာမည့်ဆရာဆရာမ၊ကျောင်းသားကျောင်းသူမျိုးဆက်သစ်လူငယ်များအတွက်ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုအဖြစ်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး (၁၁)ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။

"ကိုဗစ်-၁၉ရောဂါ အခြေအနေကြောင့် အာစရိယပူဇော်ကန်တော့ပွဲကို အွန်လိုင်းနဲ့ကျင်းပ သွားမှာပါ အသက်(၈၀)နှစ်နှင့်အထက်  တစ်ဦးကို ငွေကျပ်နှစ်သိန်း၊ အသက်(၇၅)နှစ်နှင့်အထက် တစ်ဦးကို ငွေကျပ်တစ်သိန်းငါးသောင်းနဲ့ အသက်(၆၈)နှစ်နှင့်အထက် တစ်ဦးကို ငွေကျပ် တစ်သိန်းနဲ့ ကန်တော့သွားမှာပါ၊ Kaypay ၊ Wave money တွေကနေ လွှဲပေးသွားမှာပါ၊ အစဉ်အလာမပြတ် အခက်အခဲတွေကြားက အားလုံးဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြတဲ့အတွက် ဒီလို ကာလမျိုးမှာ ကန်တော့ခံဆရာဆရာမကြီးတွေရော ကန်တော့ကြမယ့်သူတွေပါ ဝမ်းသာပီတိ ဖြစ်နေကြမှာပါ၊ လိုအပ်သောကန်တော့ငွေများကို ရုက္ခဗေဒဌာနကနေ ထည့်ဝင်လှူဒါန်းသွားမှာ ပါ" ဟု မန္တလေး တက္ကသိုလ်ရုက္ခဗေဒဌာနနှင့်အဏုဇီဝဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ နုနုရီကပြောသည်။

ရုက္ခဗေဒဌာနမှ အာစရိယပူဇော်ကန်တော့ပွဲကို ၂၀၀၆ ခုနှစ်မှစတင်ကျင်းပခဲ့ရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ခုနှစ်တို့တွင် နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ နောက်ပိုင်း တစ်နှစ်ခြားကျင်းပခဲ့လာရာ ၂၀၁၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ်ဓမ္မာရုံ၌လည်းကောင်း၊  ၂၀၂၀ ခုနှစ်တွင်virtual online ဖြင့် လည်းကောင်း နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။  

မန္တလေး(ခရိုင်)