သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်

သီပေါ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးခြင်းကို ယနေ့ နံနက်ပိုင်းက စမ်းမာလာဥယျာဉ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးခြင်းများ ဆောင်ရွက်ရာတွင်  ပြည်သူများ  ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ငယ်ရွယ်သူများ အနေဖြင့် လေ့ကျင့်ခန်းများ လုပ်ဆောင်ရာတွင်  ပြင်းထန်သည့် လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင် သော်လည်း အသက်ကြီးပိုင်းအနေဖြင့် ပြင်းထန်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် မသင့်ကြောင်း၊ ထို့ကြောင့် သက်ငယ်၊ သက်ကြီးမခွဲခြားဘဲ ပြုလုပ်နိုင်သည့် အားကစားနည်းများကို သရုပ်ပြ ကစားခြင်း ဖြစ်ပါကြောင်း၊ Online မှ တစ်ဆင့် အတူလိုက်ပါ ကစားနိုင်ပါကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းရွှေမာက ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အားကစားနည်းများကို အခြေခံပညာဦးစီးဌာနမှ အလယ်တန်း ကျောင်းသူလေးများက သရုပ်ပြ တင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းများ ရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်  အပတ်စဉ်ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)