မောက်မယ်မြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲမျိုး စတင်စမ်းသပ်စိုက်ပျိုး

မောက်မယ်    ဒီဇင်ဘာ     ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ ဆောင်းသီးနှံမတ်ပဲကိုစိုက်ပျိုးသည့် တောင်သူများ ပိုများလာစေရန်နှင့် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြရန်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယခုနှစ်တွင် ဆောင်းသီးနှံမတ်ပဲမျိုး (၅)ဧက စမ်းသပ်စိုက်ပျိုး ပြသခြင်းကို  တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

မောက်မယ်မြို့နယ်တွင် ယခင်က ဆောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးမှုပုံစံတွင်  လယ်မြေများ၌ မိုးကြို နှမ်းစိုက်ပျိုးပြီးလျှင် မိုးစပါးကိုလည်းကောင်း၊  ယာမြေများတွင် မိုးကြိုနှမ်း စိုက်ပျိုးပြီးလျှင် ပဲတီစိမ်း(သို့) ဆောင်းပဲပုတ်သော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ ဆောင်းသီးနှံ သီးထပ်သီးနှံများကို စိုက်ပျိုးချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်း ကောင်းမွန်သည့် မတ်ပဲမျိုးအား စိုက်ပျိုးပြီးစျေးကောင်းရရှိရန်နှင့် အထွက်နှုန်းတိုးစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝမြေသြဇာ ၊ ပိုးသတ်ဆေး ၊ အပင်အားဆေး ၊ အသီးအပွင့်အားဆေး ၊ မှိုဆေးစသည် သုံးစွဲပုံသုံးစွဲနည်းအဆင့်ဆင့်အား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)