မန္တလေး ဒီဇင်ဘာ ၂၁
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အရုပ်ခေါက်ပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အရုပ်ခေါက်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ မြို့နယ်ရုံး စာကြည့်တိုက်များရှိ ကလေးစာဖတ်ခန်းများတွင် ကလေးများ စိတ်ကြည်နူးစေရန်နှင့် လက်မှုအနုပညာကို စိတ်ဝင်စားမှုရှိစေရန် ရောင်စုံစက္ကူများဖြင့် အရုပ်၊ ပန်း၊ မီးပုံး အစရှိသည့် စက္ကူရုပ်ကလေး များကို တီထွင်ကြံဆ၍ အလှဆင်တတ်စေရန် လည်းကောင်း၊ အွန်လိုင်းမှ အရုပ်ခေါက်နည်းများ တင်ဆက်ရာတွင် ကြည့်ရှုသူများ စိတ်ဝင်စားမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အရုပ်ခေါက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်စာကြည့်တိုက်မှူးများက ပါဝင် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်