မိတ္ထီလာ ဒီဇင်ဘာလ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ ၆ လ၌ ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ် ၁၁၈ သန်းကျော်ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေ စေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ကျေးလက်နေ ပြည်သူများ၏ လယ်ယာအထောက် အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းများ ခင်းခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈.၁၈၂၃သန်းဖြင့် ဝမ်းတွင်းမြို့ နယ်တွင် တင်ဒါအောင်မြင် သည့် TNT Myanmar Construction Co;Ltdမှ တာဝန်ယူပြီး အင်းကန်း ကုန်းကျေးရွာ အရှေ့ဘက် ကွင်းအမှတ်(၁၂၅၂/၂၀၆၁)သို့ သွားသော ကုန်ထုတ်လမ်း အရှည် ၁ မိုင် ၃ ဖာလုံရှိလမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert (၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းများနှင့် သာစည်မြို့နယ်တွင် တိုးဝေလျှံကုမ္ပဏီမှ တာဝန်ယူပြီး အောင်မြင်သာကျေးရွာမှ ကွင်းအမှတ် (၁၇၉၂၊ ၁၇၉၄၊ ၁၇၉၆)သို့ ဆက်သွယ်သောကုန်ထုတ်လမ်း အရှည် ၁ မိုင်ရှိ လမ်းအား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)