ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလ ပင်စင်လစာများအား ဒီဇင်ဘာ ၂၁ ရက်တွင် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ပြီး နေ့စဉ်နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိရာ ရပ်ကွက်နှင့် ကျေးရွာများရှိ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက် ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်နှင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လာရောက်ထုတ်ယူကြသော ပင်စင်စားမိဘပြည်သူများ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးဇော်ရှင်းနှင့် သက်ဆိုင်ရာ ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်လစာ လာရောက်ထုတ်ယူကြသော မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လာရောက် ထုတ်ယူပေးကြပါရန်နှင့် ရောဂါကာကွယ်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask တပ်ဆင်ပြီး လာရောက်ထုတ်ယူကြပါရန် သက်ဆိုင်ရာမှ အသိပေးထားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်