မိုင်းခုတ် ဒီဇင်ဘာ ၂၁
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး ယခုထောက်ပံ့ပေးသည့် ဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ပေးအပ်ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား(၁၂)ဦးရှိရာ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၆၀,၀၀၀) ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မိုင်းခုတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)