နမ္မတူ ဒီဇင်ဘာ ၂၁
ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့နည်းလာပြီဖြစ်ပြီး၊ ဈေးရောင်းချသူများအားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်တဲ့အတွက် နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ဒီဇင်ဘာလ (၂၁) ရက်နေ့မှစတင်ကာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချခွင့်ပြု ဆောင်ရွက်ရာမှာလည်း ဒေသခံပြည်သူ ဈေးရောင်းသူ/ဝယ်သူတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဝယ်ယူရောင်းချရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဈေးအတွင်းသို့မဝင်မီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါစပ်နှင့်နှားခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများကကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ် မြို့မဈေးကြီးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်လ (၁၁) ရက်နေ့တွင် ယာယီပိတ်သိမ်းခဲ့တာဖြစ်ပြီး၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီအချိန်အထိလည်းကောင်း ဖွင့်လှစ်ရောင်းခွင့်ပြုခဲ့ကြောင်းနှင့် ယခု ဒီဇင်ဘာလ (၂၁)ရက်နေ့မှစတင်ကာ နံနက် (၆)နာရီမှ ညနေ (၄)နာရီ အချိန်အထိ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)