ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် သင်ကြားသည့် အခြေခံချည်ထိုးလက်မှု ပညာ သင်တန်းဆင်းပွဲပြုလုပ်

ဖားကန့်  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးနိုင်ရေးအတွက် ပြုလုပ်သည့် အခြေခံချည်ထိုး လက်မှုပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဤဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံချည်ထိုးလက်မှုပညာသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်း မောင်မောင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်လင်းနိုင်က သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းသူ/ သား (၂၀)အား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို တာဝန်ရှိ သူများက အသီးသီးပေးအပ်ကာ အခမ်းအနားအားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံချည်ထိုးလက်မှုပညာသင်တန်းအား ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင် ပေးနိုင်ရေး၊ ဆင်းရဲမှုလျှော့ချနိုင်ရန်နှင့် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် သင်တန်းသားသင်တန်းသူ (၂၀)ဦးအား  ခေါင်းစည်းကွင်း၊ ပိုက်ဆံအိတ်၊ ဦးထုပ် နှင့်အင်္ကျီထိုးနည်း စသည်တို့ကို  သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာနိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ တစ်လကြာသင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းနိုင်ထံမှ သိရသည်။

မိုးမိုးဝေ