အင်းစိန်မြို့နယ်၌ သတ်မှတ်ထားသောနေရာများတွင် ရပ်ကွက်နေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကာ ယနေ့ နံနက်ပိုင်းက အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံ ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး မထိုးနှံခင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဆေးထိုးသင့်သည့် သူများကိုသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကာ ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ် ကြည့်ရှုပေးခဲ့ပြီး ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ဒီဇင်ဘာလ(၂၀)ရက်နေ့အထိ ရပ်ကွက်နေပြည်သူ(၇၅၃၈၁)ဦးကို အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် ထိုးနှံပြီးသူ (၁၂၃၄၃၁)ဦးကို ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အင်းစိန်မြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အခြေအနေများကို စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် စောင့်ရှောက်ခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွဲထက်ကို