အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက် လှူဒါန်း

ရန်ကုန်    ဒီဇင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ ဈေးကုန်း အနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အမှတ်(၅၈)နေ မလင်းလင်းခိုင် မွေးနေ့အလှူအဖြစ် အလှူငွေကျပ်(၃)သိန်းကျပ်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ညောင်တပင်လမ်း၊ အမှတ်(၆၂၂)နေ အငြိမ်းစား ကျောင်းဆရာမကြီး (ဒေါ်ခင်မြဦး)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၂)သိန်းနှင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဝါဦးလမ်းနေ အ.လ.က(၁၁)ငြိမ်း ဒေါ်မြသန်းအား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၅)သောင်းတို့ကို အသီးသီးလာရောက်လှူဒါန်းရာ စိန်ရတနာနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

 အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို