မိုးကောင်း၌ စာရေးဆရာဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မိုးကောင်း  ဩဂုတ် ၂၄

မိုးကောင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် ယမန်နေ့ နံနက်(၁၀)နာရီတွင် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်နီနီလွင်က စာဖတ်ဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်းမှအဖွဲ့ဝင် ဦးကျော်သီဟမှ အဆိုပါစာအုပ်ခေါင်းစဉ်ပါ တန်ဖိုးထားတတ်သည့်အရာများကို ဆွေးနွေး ပြောကြားသည်။

ထိုနောက် ဒေါ်သူဇာဝင်းက တန်ဖိုးထားအပ်သောအရာများစာအုပ်မှ တခါတရံအရှိကိုအရှိအတိုင်း ခေါင်းစဉ်ကိုလည်းကောင်း၊ ဒေါ်နှင်းဝတ်ရည် လှိုင်က ပုလဲလုံးကဒီအတိုင်းလဲ အဖိုးတန်နေသည် အကြောင်းအရာကိုလည်းကောင်း၊ ဦးထွန်းအောင်ကျော်က ဘာကိုယုံကြည်ရမလဲ ခေါင်းစဉ်ကို လည်းကောင်း အသီးသီးပြောကြားပြီး ဦးဝင်းအောင်(ထက်သူအောင်)၊ မစုမြတ်နိုးခိုင်၊ ဒေါ်မြတ်မွန်အေး၊ ဒေါ်စန်းစန်းရည်၊ ဒေါ်မူမူသိန်းတို့က ‌၎င်းတို့၏ ယူဆချက်များဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကာလကြောင့် စာဖတ်ဝိုင်းဆောင်ရွက်မှုများ ရပ်နားထားခဲ့ရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့တွင် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)