ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦး ဒီဇင်ဘာ ၂၁

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက် ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာ စိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာရောင်းအားပိုးပြီး ဈေးနှုန်းလည်းရရှိခြင်း ကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးကပြောသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင် တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင် တစ်ကျင်းစိုက်ပျိုးသည့် သူများ က ငှက်ပျောသားတက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်း နှစ်ပင်စိုက်တောင်သူများမှာမူ ငှက်ပျော သားတက် တစ်ပင်တစ်တက်ထားပြီးစိုက်ပျိုး ကြကြောင်းသိရသည်။ ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ကြောင်း ထွက်ရှိလာသည့် ဖီးကြမ်း ငှက်ပျောများအား ညောင်ဦး၊ပခုက္ကူ၊ ကျောက်ပန်း တောင်းပွဲစားများက ငှက်ပျောခြံထိလာ ရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ်အုပ်စု အတွင်းကျေးရွာများ မြေအောက်ရေ အသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများလာ ကြောင်းသိရသည်။

ကိုထိန်၊KPD