ကျိုက်မရောမြို့နယ်တွင် ဘူးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ကျိုက်မရော ဒီဇင်ဘာ ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာတွင် စီးပွားဖြစ် ဘူးသီးများ စိုက်ပျိုးကြရာ စျေးကောင်းရသဖြင့် မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ကျိူက်မရောမြို့နယ်သည် ရာသီဥတုကောင်းမွန်ကာ မြေသြဇာကောင်းမွန်သဖြင့် တောင်သူများအနေဖြင့် စိုက်ပျိူးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြရာ ဆောင်းရာသီ သီးနှံတစ်မျိုးဖြစ်သည့် ဘူးသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ဘူးသီးစိုက်ပျိုးရာမှာလည်း ဘူးစေ့ကိုပျိုး၍ အညွှန့်ထွက်လာရင် စင်ပေး၍ စနစ်တကျ စိုက်ပျိူးကြပြီး ဘူးသီးပင်သည် အအေးကြိုက်သဖြင့် တစ်ရက်ခြား ရေပေးရကြောင်း၊ အညွှန့်များလာသည့်အခါ အသီးမပါတဲ့ အညွှန့်တွေကိုဖြတ်ပြီး သီးသန့်ရောင်း၍ရကြောင်း၊ ဘူးညွှန့်မှာလည်း စားသုံးသူအကြိုက်ဖြစ်၍ စျေးကောင်းရကြောင်း အညွှန့်ကြီးတစ်ခုကို တစ်ရာကျပ်ရရှိကြောင်း၊ အသီးရှိတဲ့အညွှန့်ကိုတော့ စင်ပေါ်တင်ပေးပီး အသီးကြီးထွားစေရန် မြေသြဇာအဖြစ် နွားချေးများ ထည့်ပေးရပြီး ပိုးမွှားမကျစေရန် ပိုးသတ်ဆေးလည်း ရက်ခြားဖြန်းပေးရပါတယ်၊ အသီးကောင်းကောင်း သီးလာချိန်တွင် စင်ကောင်းကောင်း ထိုးပေးရကြောင်း "ဘူးသီးများကို နှစ်ရက်တစ်ခါခူး၍ တစ်ကြိမ်ခူးလျှင် အနည်းဆုံး အလုံး(၂၀)မှ အလုံး၃၀အထိရပြီး တစ်လုံးလျှင် တစ်ထောင်ကျပ်တိတိ ရရှိသဖြင့် မိသားစုဝင်ငွေ ကောင်းနေပါကြောင်း ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးသူ ဦးစည်သူအောင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)