တပ်ကုန်း ဒီဇင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြ ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို ယနေနံနက် ၉ နာရီက ကျန်းမာရေး ညွှန်ချက်များနှင့်အညီ အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီး(တ)ကျောင်းတွင် ကျင်းပသည်။
အဆိုပါသင်တန်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ သင်တန်းသားများ၏ ကိုယ်စား ကျေးရွာသမဝါယမ အသင်းဥက္ကဋ္ဌက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယု အေးတို့က ဂွေးပင်စံပြကျေးရွာဘုန်းတော်ကြီး(တ)ကျောင်းဆရာတော် ဦးဉာဏိကအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လွင်နှင့် သင်တန်း နည်းပြများက စာရင်းရေး၊ စာရင်းကိုင်ပညာရည်ရွယ်ချက် အဓိပ္ပာယ်နှင့် မူဝါဒများ၊ နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ်နှင့် အခြေခံမူများ၊ ငွေစာရင်းစာအုပ် အမျိုးအစားများနှင့် စာရင်းရေး သွင်းခြင်း ကနဦး မှတ်တမ်းများ၊ အစမ်းရှင်းတမ်းရေးဆွဲခြင်း၊ စာရင်းညှိနှိုင်းချက်များနှင့် နှစ်ချုပ် စာရင်း ရေးဆွဲခြင်းတို့ကို သင်တန်းသား၊ သင်တန်းသူပေါင်း(၃၁)ဦးအား နှစ်ရက်ကြာ သင်ကြားပို့ ချပေးခြင်းဖြစ်ပြီး၊ စံပြကျေးရွာဖြစ်ပေါ်ရေးနှင့်အညီ ကျေးလက်နေအမျိုးသမီး၊ အမျိုးသား လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ရည်ရွယ်ကာ ကျေးရွာအရောက် သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်