သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သာစည် ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝထိုးနှံရခြင်း မရှိသေးသူများ အား ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်နှင့် စတုတ္ထအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးများကို ယနေ့နံနက်က ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယင်းမာပင်ကျေးရွာနှင့် လှိုင်းတက်ကျေးရွာ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိပြီး  စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ များအား ဒုတိယအကြိမ် ကာကွယ်ဆေးကို မြို့နယ် အားကစားပြိုင်ကွင်းအတွင်းရှိ   မိုးလုံလေလုံအားကစားခန်းမ၌   ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ မိတ္ထီလာခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြတ်ထူးနှင့် အဖွဲ့ဝင်များ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည်အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်အထိ   Sinopharm  ပထမအကြိမ်ထိုးနှံပြီးသူ ၅၉၂၀၄ ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၄၈၇၅၀ ဦးနှင့် Sonovac ပထမအကြိမ် ထိုးနှံပြီးသူ ၁၇၅၃၀ ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၅၃၆၉ ဦး ရှိကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)