ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် (omicron) ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်

ပျော်ဘွယ် ဒီဇင်ဘာ ၂၀

ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (omicron) ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီခွဲက ရွှေပြည်ရန်လုံရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံ သွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာ ဆေးကြောသွားရန်၊ လူစုလူဝေးအား ရှောင်ရှာခြင်းဖြင့် မိမိတို့နေအိမ်တွင် တတ်နိုင်သမျှနေထိုင်ကြရန်၊ ရောဂါ လက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ဖြတ်တောက် နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့်ထိုးနှံနိုင်ရေးတို့အား အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)