မိတ္ထီလာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေး

မိတ္ထီလာ ဒီဇင်ဘာ ၂၀

မိတ္ထီလာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီး​လောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးလုံခြုံရေးဆိုင်ရာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့်အခြား သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့် မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာ များရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးအကြံ ပေးခြင်း၊ စက်ရုံအလုပ်ရုံများ စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ လေ့ကျင့်မှု မပြတ်ရှိစေရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်း၊ KTV များ၊ စက်သုံးဆီဆိုင်များတွင် မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် မီးလန့်မှုဖြစ်ပွားပါက မီးငြိမ်းသတ် နိုင်စေရန်အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို ခရိုင်မီး သတ်ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဦး ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်တို့က ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ နေ့စဉ်ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)