လင်းခေး ဒီဇင်ဘာ၂၀
လင်းခေးတွင် လယ်ယာမြေစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်း လက်တွေ့သရုပ်ပြခင်းကို ယနေ့နံနက် ၈ နာရီခွဲက လင်းခေးမြို့၊ ဝမ်လွိုင်ရပ်နေ တောင်သူဦးထောင်နီ၏ စိုက်ကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြေဆွေးပုံလက်တွေ့သရုပ်ပြသခြင်းမပြုမီ လင်းခေးခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က EM ဘိုကာရှီ ပြုလုပ်နည်း ပြသဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးလှငြိမ်းခိုင်က ၎င်းပြုလုပ်ပုံနည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြား ပေးခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တောင်သူများအား EM ဘိုကာရှီပြုလုပ်နည်း လက်တွေ့ပြုလုပ် ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် EM ဖျော်ရည်အပွားပြုလုပ်ရာ၌ EM (၁) ဆ၊ တင်လဲရည် (၄) ဆ၊ ရေ (၉၅) ဆ (၁:၄:၉၅) အသုံးပြုရပြီး၊ ဖျော်ရည်အပွားမှ အပြင်းပြု လုပ်ပါက EM ၁ ဆ၊ တင်လဲရည် ၄ ဆ၊ ရေ ၉၈ ဆ (၁:၄:၉၈) အသုံးပြုရကြောင်း၊ မြေဆွေးပုံပြုလုပ်ထားပြီးလျှင် ရက်သတ္တပတ်နှစ်ပတ်ကြာ ထားရှိရကြောင်း၊ ရာသီဥတုအပူအအေးအပေါ် မူတည်၍ အဆွေး၊ အနှေးအမြန် ဖြစ်လာတတ်ကြောင်း ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။ ဆက်လက်၍ မြေဆွေးပုံ (၁၀) ပုံလျှင် စိုက်ပျိုးမြေ (၁) ဧက အသုံးပြု နိုင်သည်။
တောင်သူများအနေဖြင့် စိုက်ပျိုးထွန်ယက်မှု (နောက်ဆုံးထယ်ထွန်မွှေသည့်အချိန်) တွင် EM ဘိုကာရှီကို ဂျမ်းဖုံးထည့်ပေးနိုင်ပါကြောင်းနှင့် အဆိုပါ တစ်ပုလင်း လျှင် ကျပ် ၃၀၀ဝိ/-နှုန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနရုံးစိုက်ရာ မည်သည့်နေရာမဆို တောင်သူများ ဝယ်ယူအသုံးပြု နိုင်ကြောင်း သိရသည်။
လက်တွေ့သရုပ်ပြပွဲသို့ စစ်ဗျူဟာအဖွဲ့၊ (အခြေချ) (လင်းခေး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ထင်စိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာများရှိ စိုက်ပျိုးတောင်သူများ၊ ရပ်ကျေးစာရေးများနှင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်ဇော်လတ်(လင်းခေး)