လမိုင်းမြို့၌ ကွမ်းသီးများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း လျက်ရှိ

လမိုင်း ဒီဇင်ဘာ ၂၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ကွမ်းသီးများစိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်း၍ ဒေသခံပြည်သူ အများအပြား၏ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် ကွမ်းသီးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခင်နှစ်က ကိုဗစ်-၁၉ရောဂါပိုးကြောင့် ကုန်စည်စီးဆင်းမှု နည်းပါးခဲ့ပြီး ကွမ်းသီးများ  စျေးနှုန်းကျဆင်းခဲ့ သောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။

ယခုနှစ် ဒီဇင်ဘာလတွင် လမိုင်းမြို့အတွင်း၌ ရောင်းတန်းဝင် ကွမ်းသီး တစ်ပိဿာလျှင် ငွေ (၆၀၀၀)ကျပ်၊ အညိုသီး တစ်ပိဿာလျှင် ငွေ (၅၅၀၀) ကျပ်၊ ကွမ်းသီးအစိမ်း အလုံး (၁၀၀) လျှင် ငွေ (၂၅၀၀) ကျပ်အထိ စျေးနှုန်း ရရှိနေခြင်းကြောင့်  ကွမ်းသီးလုပ်ကိုင်နေသူများ အဆင်ပြေလျက်ရှိသည်။

ကွမ်းသီးပေါ်ချိန်၌ ဒေသနေပြည်သူများမှာ အလုပ်အကိုင် မရှားပါးတော့ဘဲ ကွမ်းသီးခုတ် လုပ်သားတစ်ဦး၏ နေ့စဉ်ပုံမှန် ဝင်ငွေမှာ တစ်ရက်လျှင် ငွေ(၇၀၀၀) ကျပ်အထိ ရရှိနေကြသည်။

အဆိုပါ ကွမ်းသီးများကို ကွမ်းသီး ရောင်းဝယ်နေသူများမှ ရေးမြို့နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်အထိ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ သိရသည်။

လမိုင်း(ပြန်/ဆက်)