ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပျော်ဘွယ် ဒီဇင်ဘာ ၂၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ကျူတောဝကျေးရွာ၊ ကွင်းအမှတ်(၁၉၁)၊ ဦးပိုင်အမှတ်(၇၂/၁)၊ တောင်သူ ဦးသိန်းတန် စိုက်ပျိုးထားသည့် မနောသုခ မိုးစပါး(၀.၆၄)ဧကအား စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကွင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မနောသုခ မိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်နှင့်ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ အနီးဝန်းကျင်မှတောင်သူ များတက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးကြသည်။

မနောသုခမိုးစပါးစံကွက်အား ရမည်းသင်းမြို့နယ်မှ သစ်ဆုံဆည်ရေဖြင့်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ကောက်ရိတ်စက်အသုံးပြု၍ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း(၉၈.၁၄)တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)