လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ်နှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

လားရှိုး ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ တွင် ယနေ့နံနက် (၉) နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ဆေးရောင်ခြယ်နှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲအား လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့ဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ကစားနည်းဖြစ်သော ဘောလုံးပစ်ပြိုင်ပွဲ၊ ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲ တို့ကို ကျင်းပခဲ့သည်။ ထို့နောက် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက စာကြည့်တိုက် ခန်းမ တွင် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များ၊ Mini Museum တွင်ခင်းကျင်းပြသထားသော တိုင်းရင်းသား ရိုးရာပစ္စည်းများ၊ နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး