သံဖြူဇရပ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၂၀

ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ် ထွက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပသည်။

ရှေးဦးစွာဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမွန်က လွတ်လပ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရရှိထားသော လွတ်လပ်ရေးအား အလေးထား တန်ဖိုးထားပြီး ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောပေးသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများကို တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အတွေးအခေါ် အမျှော်အမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ စာအုပ်၊စာစောင် ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြပြီး၊ စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် Museum (ပြတိုက်ငယ်)ကိုလည်း စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)