သာစည် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မကျီးခွကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် အသက် ၁၆ နှစ်အထက် ဒေသခံပြည်သူ ၈၀ ဦးတို့အား နေ့ချင်း ပြီး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် သတ်မှတ်ကာလဖြစ်သည့် ၁၈ လကာလအတွင်း လျာထား ဦးရေ ၁၁၉၅၆ ဦးရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးခြင်းနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းများဖြင့် ပြုလုပ်ပေးလျက်ရှိရာ ယမန့်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် ၇၄၁၉ ကတ် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)