တိုက်ကြီးမြို့နယ်တွင် မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုရန် အသိပညာပေးနှိုးဆော်

တိုက်ကြီး         ဒီဇင်ဘာ       ၂၀

 ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမို စီးနင်း ခြင်းမပြုရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ပိုင်း အချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ချက်တွင် ယခုအချိန်ကာလတွင် အကြမ်းဖက်သမားများသည် မော်တော် ဆိုင်ကယ်များ အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လာကြောင်း စိစစ်တွေ့ရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်အမှတ် (၁/၂၀၂၁)အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း (ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ အပ) မော်တော်ဆိုင်ကယ် စီးနင်းခွင့်မပြုကြောင်းနှင့် ကျန်အခြားမြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းပါက မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက်ပိုမိုစီးနင်းခြင်းမပြုကြရန် နှင့် စစ်ဆေး တွေ့ရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်ထားပါသည်။

တိုက်ကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများပါဝင်သောအဖွဲ့က ပြည်သူ များအား အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်