တောင်ကြီး ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အရောက် ကွင်းဆင်းကာ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၅၅) ဦးအား နိုင်ငံသားကတ်ပြားရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်ဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် တောင်ကြီးမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးရာတွင် နန်းဟောင်းကျေးရွာအုပ်စု၊ ကွန်လုံကျေးရွာအုပ်စု၊ မိုင်းသော် အနောက် ကျေးရွာနှင့် မင်္ဂလာအောင်မြေရပ်ကွက်များတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ (၇၉၇) ဦးအား နိုင်ငံသားကတ်ပြားရရှိရေးအတွက် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသောရပ်ကွက်နှင့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးအေးစိုး(ပြန်/ဆက်)