တာမွေမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်     ဒီဇင်ဘာ     ၂၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနှုတ်မြောင်း များအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့ နေသော နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 “အခုလို မြို့နယ်စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ ရေနှုတ်မြောင်းအတွင်း ပိတ်ဆို့နေတဲ့ နုန်းတွေ၊ အမှိုက်တွေကို ဆယ်ယူရှင်းလင်းပေးတာဟာ မြို့နယ်အတွက် အရေးပါတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တစ်ခုဖြစ်သလို၊ မိုးရာသီရောက်တဲ့ အခါမှာလည်း ရေကြီးရေလျှံမှု ပြဿနာကို အထိုက်အလျောက် ဖြေရှင်း ရာလည်း ရောက်ပါတယ်။ ဒါတင်မကပဲ မြို့နယ်အတွင်းရှိ အခြားသော ရေစီးဆင်းမှုမရှိဘဲ နှုံးများ၊ အမှိုက်များ ပိတ်ဆို့နေတဲ့ ရေနှုတ်မြောင်းတွေ၊ မြေအောက်မြောင်းတွေကိုလည်း ဆယ်ယူရှင်းလင်းခြင်းတွေ ဆောင်ရွက်ပေးစေချင်တဲ့အပြင် ကျွန်မတို့ ရပ်ကွက်နေ ပြည်သူတွေ၊ လမ်းသွားလမ်းလာတွေအနေနဲ့ကလည်း အမှိုက်တွေကို ရေနှုတ်မြောင်းများအတွင်း အလွယ် တကူ မစွန့်ပစ်ဘဲ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသော နေရာများတွင်သာ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ် " ဟု ဒေသခံပြည်သူ တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မာ တိုးတက်လာစေရေးအတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်းရှိ စျေးများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 နိုင်လင်းအောင်