ဒေးဒရဲမြို့၌ ပေါ်ဆန်းရင်စပါးစိုက်ပျိုးချိန် ပြောင်းလဲစိုက်ပျိုးသည့် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ ကွင်းအမှတ် (၂၄၇)၊ ဦးပိုင်အမှတ် (၂၁/၁)ရှိ တောင်သူဦးထွန်းမြင့်အောင်၏ စံပြစိုက်ဧက (၄၀)တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပေါ်ဆန်းရင်စပါး စိုက်ချိန်ပြောင်းလဲစိုက်ပျိုးသည့် စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့ ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ပေါ်ဆန်းရင်စပါး စိုက်ပျိုးချိန် ပြောင်းလဲစိုက်ပျိုးသည့် စံကွက်အား ရိတ်သိမ်းခဲ့ရာ စပါး(၁)ဧကလျှင် အထွက်နှုန်း (၇၈)တင်းနှုန်း ထွက်ရှိခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က စိုက်ပျိုးချိန် ပြောင်းလဲ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ပြောကြားခဲ့ရာ ဒေသခံ တောင်သူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့သည်။

အဆိုပါ ပေါ်ဆန်းရင်စပါးစိုက်ခင်းကို ၂၀၂၁-ခုနှစ် ဩဂုတ်လတွင် ပျိုးထောင်ပြီး စက်တင်ဘာ လတွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး တောင်သူအများစု စိုက်ပျိုးလေ့ရှိသည့် စိုက်ခင်းထက် တစ်ဧကလျှင် စပါးတင်း(၂၀)နှုန်း ပိုမိုထွက်ရှိကြောင်း သိရသည်။

အေဇာလင်း