တံတားဦး ဒီဇင်ဘာ ၂၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာတွင် ကုလားပဲများအောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။
ဆောင်းကုလားပဲများကို တန်ဆောင်မုန်းလဆန်းတွင် V-2 မျိုးများကိုသာ စိုက်ပျိုးကြပြီး ၊ ကုလားပဲမျိုး တစ်ဧကလျှင် (၁)တင်းနှုန်းဖြင့် စိုက်ပျိုးရာ ကုလားပဲစိုက်ပြီး (၁၀)ရက် ကြာလျှင် ပေါင်းသင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ကြပြီး အပင်မှအပွင့် ပွင့်ချိန်(၁၅)ရက်တွင် ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက် ကြကြောင်း၊ ကုလားပဲများကို တပိုတွဲလ၌ ရိတ်သိမ်းကြကြောင်း၊ ကုလားပဲတစ်တင်း စိုက်ပျိုးလျှင် အစေ့ (၁၅)တောင်းမှ(၁၈)တောင်းအထိ ထွက်ရှိကြောင်း၊ ကုလားပဲအမှော်များကိုလည်း နွားစာအဖြစ် ရရှိကြောင်း၊ ကုလားပဲသည် စိုက်ပျိုးချိန်မှ ရိတ်သိမ်းအချိန်ထိ စိုက်ပျိုးစရိတ်(၁၅၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ ရောင်းချသည့်အချိန်တွင် ငွေကျပ်(၁၇၀၀၀၀၀)သိန်းအထိရရှိသည့်အတွက် ကုလားပဲကို အများဆုံး စိုက်ပျိုးကြောင်း ပန်းယျကျေးရွာ ကုလားပဲစိုက် တောင်သူဦးကျော်ဆွေလင်းထံမှ သိရသည်။
တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု ဆောင်းကုလားပဲ(၂၁၄၀၀)ဧက စိုက်ပျိုး ရန် လျာထားဆောင်ရွက် ထားကြောင်း သိရသည်။
ရဲတင့်(တံတားဦး)