မလှိုင်မြို့၌ “ပန်းခင်းစီမံချက်” အကြောင်း ပြည်သူများသိရှိရန် LED Board မော်တော် ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်

မလှိုင် ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော “ ပန်းခင်းစီမံချက် ” အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မလှိုင်မြို့နယ်ရုံးမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ပြည်သူများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိရေးကို ၂ဝ၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ‌ဒေသခံပြည်သူများအနေဖြင့် ပန်းခင်း စီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်  လူစည်ကားရာနေရာများဖြစ်သည့် အ.ထ.က  မလှိုင်ကျောင်းရှေ့၊ ပန်းလှိုင် ရွှေဝါခန်းမနှင့် စည်ပင်သာ ယာပန်းခြံရှေ့၊  မြို့မစည်ပင်သာယာဈေးရှေ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံးရှေ့များတွင် LED Board မော်တော် ယာဉ်ဖြင့်  ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ ကို ပညာပေးပြသခဲ့သည်။

ထို့အပြင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း (၄) ရပ်၊  နိုင်ငံသားကတ် လျှောက်ထား ရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ၊  ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးမှူး များနှင့်ရာအိမ်မှူးများ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ ပါဝင်သည့် လက်ကမ်း စာစောင် (၁၅ဝဝ) ကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝက ဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)