ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကာကွယ်ဆေး ထိုးနှံမှုကျန်ရှိမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်  ကူးတို့ဆိပ်ကျေးရွာ နှင့် မုန်းနားစုကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပွင့်ဖြုမြို့နယ် အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ အပါအဝင် သတ်မှတ်ဆေးထိုးစုရပ် နေရာများတွင်  အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား  ဒီဇင်ဘာလ နောက်ဆုံးအပတ်ထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေး ချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မော်တော်ဆိုင်ကယ်  စီးနင်းသွားလာရာတွင် (၃) ယောက်စီးခြင်းနှင့်  (၂)ယောက်စီးရာတွင် နောက်မှ အမျိုးသားလိုက်ပါ စီးနင်းခြင်း လုံးဝ(လုံးဝ)  မပြုလုပ်ကြရန် တားမြစ်ထားသည့် ဥပဒေကို အလေးအနက်ထား လိုက်နာဆောင်ရွက် သွားကြရေးတို့ကို အသိပညာပေး နှိုးဆော်ဆောင်ရွက် ခဲ့ကြောင်း   သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)