ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ခရီးသွားမိဘပြည်သူများနှင့် ဒေသခံပြည်သူများအား အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်က ဒလ သင်္ဘောဆိပ်ကမ်း၊ စက်တပ်သမ္ဗန်ကူးတို့ဆိပ်၊ ကားဂိတ်၊ ကမာကဆစ်ဈေး၊ မြို့လယ်ကောင်နာရီစင်စသည့် လူစည်းကားရာနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ခရီးသွား မိဘပြည်သူများနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်း အခု ၃၀၀၀ ကို အခမဲ့ပေးဝေခဲ့ပြီး၊ အပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာနိုင်စေရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
နိုင်လင်းကျော်