ကျောက်ဆည်၊ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု မဖြစ်ပွား စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ စက်ရုံ၊အလုပ်ရုံများ နှင့် စက်သုံဆီအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက “ဇော်”စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး လုပ်ငန်းများ စစ်ဆေးခဲ့ပြီး ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော် မျိုးထွန်းနှင့် ဝန်ထမ်းများက စက်သုံးဆီအရောင်းဆိုင်၌ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသည့် မီးသတ်ဆေးဘူးများ၊ မီးသတ် ရေကန်များနှင့် ဆီသိုလှောင်ကန်များအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား အရေးပေါ် အခြေအနေတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါက မီးငြိမ်းသတ်ခြင်း၊ သဲပုံး၊ ရေပုံးများ၊ မီးချတ်၊ မီးကတ်၊ မီးသတ်ဆေးဗူး များ စနစ်တကျ သုံးစွဲရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ် အသုံးပြုရာတွင် နည်းစနစ်မှန်ကန်စွာသုံးစွဲတတ်စေရေး အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ မီးဘေးအန္တရာယ် လုံခြုံရေး လုပ်ငန်းများ အပြင်သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ် ရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)