ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့ ကူးကော်ကျေးရွာအုပ်စု၊ ဝါးပြားကျေးရွာအတွင်းရှိ ပန်းတင်ဂူဘုရား သာသနာလမ်း ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်

ပင်းတယ   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကူးကော်ကျေးရွာအုပ်စု၊ ဝါးပြားကျေးရွာ၌ ပန်းတင်ဂူဘုရား သာသနာလမ်း ကတ္တရာလမ်းဖွင့်ပွဲအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများမှ ဆရာတော်၊ သံဃာတော်များအား ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ချီးမြှင့်၍ အန္တရာယ်ကင်းကမ္မဝါ စာဖတ်ကြားပေးပြီး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားပေး ခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများ၏ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီးနောက် ပန်းတင်ဂူဘုန်းတော် ကြီးကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဇနီး ဒေါ်ခင်စန္ဒာစိုးတို့မှ ပန်းတင်ဂူဘုရား သာသနာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းတင်ဂူဘုရားသာသနာလမ်းမှာ ၁၉၃၀ ခုနှစ်ဝန်းကျင်ခန့်က မြေသားလမ်းအဖြစ် တည်ရှိခဲ့သောလမ်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် ဝန်းကျင်ခန့်တွင် ကျောက်ချောလမ်းအဖြစ် ကျေးရွာနေပြည်သူများ၊ စေတနာရှင်ပြည်သူများတို့ဖြင့် ဝိုင်းဝန်းပြုပြင်ဆောင်ရွက်နိုင်ခဲ့ကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အနီးကပ်လမ်းညွှန်မှုကိုခံယူကာ ရပ်ဝေး/ရပ်နီးအလှူရှင်များမှ ထည့်ဝင်လှူဒါန်း ငွေကျပ်သိန်း(၇၀)နှင့်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကတ္တရာပံ့ပိုးကူညီမှုတို့ဖြင့် SAO ကုမ္ပဏီတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် အလျား(၂၈၀၀)ပေ၊ အကျယ်(၁၂)ပေရှိသော ကတ္တရာလမ်းအဖြစ် ငွေကျပ်သိန်း (၂၂၀)ခန့်ကုန်ကျခံ ဆောင်ရွက်ခဲ့သောလမ်းဖြစ်သည်။

ဆက်လက်၍ ကျန်ရှိနေသည့် အလျား(၁၃၆၀)ပေ၊အကျယ်(၁၂)ပေ ကတ္တရာလမ်းအဖြစ် ခင်းကျင်းနိုင်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုး၊ သားမောင်သူရလင်း မိသားစုမှ ထည့်ဝင်လှူဒါန်းငွေ သိန်း(၃၀)ကျပ်၊ ရပ်ဝေး/ရပ်နီးမှ ထည့်ဝင်လှူဒါန်းငွေ၊ အင်းခေါင်း၊ ဝါးပြား၊ ကူးကော်၊ ဒုတယ်ရေ

လုပ်အားဒါနများနှင့်အတူ ကာလတန်ဖိုးငွေကျပ် သိန်း(၇၀)ဖြင့် (၂၃.၁၁.၂၀၂၁)ရက်နေ့မှ (၁.၁၂.၂၀၂၁)ရက်နေ့အတွင်း လုပ်ငန်းများ အားလုံးပြီးစီးအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ရာ ပင်းတယမြို့ ကူးကော်ကျေးရွာအုပ်စု၊ ဝါးပြားကျေးရွာအတွင်းရှိ ပန်းတင်ဂူဘုရားသာသနာပြုလမ်းမှာ (၁၉၃၀)ခုနှစ် ဝန်းကျင်ခန့်က မြေသားလမ်းအဖြစ် တည်ရှိခဲ့သော လမ်းတစ်ခုအဖြစ်မှ ယနေ့လက်ရှိအချိန် တွင် ကတ္တရာလမ်းတစ်ခုအဖြစ် အဆင့်မြှင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)