မရမ်းကုန်းမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ

မရမ်းကုန်း    ဒီဇင်ဘာ   ၁၈

ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာ စွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊  ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့  နံနက် ၉ နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၅)  အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး  ပြိုင်ပွဲများကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊  ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၃)ဦး၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၉)ဦး၊ ပိုစတာ ပြိုင်ပွဲတွင်(၄)ဦးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ တွင်(၇)တို့ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော  ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့်ဆက်လက် ရွေးချယ်ဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် အဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အ-ထ-က(၂) လသာ၌ လည်းကောင်း၊ တိုင်းအဆင့် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်  အ-ထ-က(၂) လသာ၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

 မြို့နယ်( ပြန်/ဆက်)